ကိုယ့် Phone အတွက် RAM ဘယ်လောက် လိုအပ်မလဲ?
How much RAM do you need for your Smart Phone?

iPhone

Sponsored Link

နိဒါန်း

ဒီနေ့ခေတ်မှာ Smart Phone တစ်လုံး ဝယ်ယူရတာ တော်တော်ကို ခေါင်းရှုပ်ဖို့ကောင်းတဲ့ ကိစ္စတစ်ခုပါပဲ။ Brand တွေ ၊ ကုမ္ပဏီတွေ အမျိုးမျိုး ရှိနေကြတဲ့အပြင် Model တစ်ခုတည်းမှာတောင် အမျိုးအစားတွေ ထပ်ခွဲထားလိုက်တာက ကျွန်တော်တို့ကို ရွေးချယ်ရ ခက်ခဲစေပါတယ်။ Specifications (အချက်အလက်) တွေကို ရေးသားဖော်ပြထားတဲ့ စာအရှည်ကြီးတွေ ၊ သူတို့ရဲ့ ထုတ်ကုန် ကောင်းမွန်‌ကြောင်း ကိန်းဂဏန်း အချက်အလက်တွေနဲ့ ဖော်ပြထားတဲ့ လုပ်ဆောင်ချက်တွေ ၊ အရင် အမျိုးအစားအဟောင်းတွေနဲ့ နှိုင်းယှဉ်ထားတဲ့ သုံးသပ်ချက်တွေဟာ တကယ်တမ်းမှာ ဖတ်ရတာ ရှုပ်ထွေးလွန်းပါတယ်။ အဲ့ဒီအချက်အလက်တွေထဲကမှ အခုအချိန်ထိ အငြင်းပွားဖွယ် အဖြစ် နားလည်ထားကြတဲ့ အကြီးမားဆုံး ပြဿနာကတော့ RAM နဲ့ ပတ်သက်နေပါတယ်။

RAM ဆိုတာဘာလဲ?

RAM အကြောင်းပြည့်ပြည့်စုံစုံ သိချင်ရင်တော့ What is RAM? မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

စဉ်းစားရကျပ်တဲ့ ပြဿနာ

တကယ်တော့ ကိုယ့် Phone အတွက် RAM ဘယ်လောက် လိုအပ်မလဲ ဆိုတာကို စဉ်းစားရခက်နေတာ ကျွန်တော်တို့ချည်းပဲတော့ မဟုတ်ပါဘူး။ ဒီမေးခွန်းက လူတိုင်းအတွက် ခဏခဏ ပေါ်လာတတ်စမြဲပါ။ Smart Phone တွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စတင်တိုးတက်ပြောင်းလဲလာခဲ့ပြီး ၊ အသုံးပြုသူတွေ အတွက် ကောင်းသထက် ကောင်းအောင် ကြိုးစားလာကြပါတယ်။ အဲ့ဒီလို ပိုပြီးကောင်းမွန်အောင် ပြောင်းလဲ လာတာနဲ့ အမျှ RAM ရဲ့ ပါဝင်မှု အခန်းကဏ္ဍကလည်း ပိုမို အရေးပါလာခဲ့ပါတယ်။

အနီးစပ်ဆုံး ဥပမာ

RAM နဲ့ ပတ်သက်ပြီး ထင်သာမြင်သာရှိအောင် အနီးစပ်ဆုံးနဲ့ လက်တွေ့အကျဆုံး ဥပမာတစ်ခုပေးချင်ပါတယ်။ ကျွန်တော်တို့ Application တစ်ခုကို သုံးတဲ့ အခါ RAM က အလုပ်လုပ်ရပါတယ်။ RAM ကအဲ့ဒီ App အတွက် အလုပ်လုပ်ပေးနေသမျှ ကာလပတ်လုံး အဲ့ဒီ App ကနေ မထွက်ဘဲ အခြား app တစ်ခုကို သွားဖွင့်ပြီး အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ ဆိုလိုတာက အခြား App တစ်ခုကို သုံးရင်းက အရင်သုံးနေတဲ့ App ကို လာပြန်သုံးမယ် ဆိုရင်တောင် အစကနေ ပြန်ဖွင့်ပြီး သုံးစရာ မလိုဘဲ ကိုယ်သုံးလက်စ နေရာကနေအဆင်ပြေလွယ်ကူစွာ ဆက်လက် အသုံးပြုနိုင်မှာပါ။ ဒီလို RAM ရဲ့ လုပ်ဆောင်ချက်ကြောင့်ပဲ ကျွန်တော်တို့ဟာ တပြိုင်နက်တည်းမှာ app အမြောက်အများကို Run နိုင်မှာ ဖြစ်ပါတယ်။

RAM ဘယ်လောက်လိုမလဲ?

အခုဆိုရင်တော့ ကိုယ်တိုင်စဉ်းစားပြီး ဆုံးဖြတ်ရမယ့် အပိုင်းကို ရောက်ရှိလို့လာပါပြီ။ အသွက်လက်ဆုံး အလုပ်လုပ်နိုင်ဖို့ မျှော်လင့်ထားသူတွေ အတွက် ကတော့ RAM များသထက်များ‌တဲ့ Phone ကို ဝယ်တာက အကောင်းဆုံးဖြစ်မှာပါ။ ဒါပေမဲ့ သုံးရမယ့် Budget နဲ့ ကိုက်ညီအောင် စဉ်းစားရတော့မယ် ဆိုရင်တော့ ဒီ Guideline လေးက ကူညီပေးနိုင်ပါတယ်။ ဒီနေ့လို Social Media ခေတ်မှာ RAM 2GB ဆိုတာက မလုံလောက်တော့တဲ့ ပမာဏဆိုတော့ ချန်လှပ်ထားရအောင်ပါ။ Phone ပြောရုံ ၊ Contact မှတ်ရုံ ၊ Message ပို့ရုံ ဆိုတဲ့ လူကြီးသုံးဖို့ အနေအထားဆိုရင်တော့ ပြဿနာမရှိပေမဲ့ Internet သုံးဖို့ကိုတော့ အားမပေးချင်ပါဘူး။ RAM 3GB > Internet သုံး Application တွေ သုံးလို့ရပြီး Daily use (နေ့စဉ်သုံးဖို့) အတွက် အဆင်ပြေနိုင်ပါတယ်။ ဒါပေမဲ့ Application အများကြီးဖွင့်သုံးတာမျိုး File Size ကြီးတဲ့ Game တွေ ဆော့တာမျိုးအတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ RAM 4GB > ရုံးသမားတွေအတွက် ပိုမိုရွေးချယ်သင့်တဲ့ အမျိုးအစားပါ။ Zoom Meeting လိုမျိုး Video Conference Platform တွေကို အထစ်အငေါ့မရှိ သုံဖို့ လုံလောက်ပါတယ်။ RAM 6GB > Mobile Game သမားတွေနဲ့ ၊ Video editing, Photo editing သမားတွေ စပြီး စဉ်းစားသင့်တဲ့ အနေအထားပါ။ RAM 6GB အောက်ဆိုရင်တော့ Creator app နဲ့ Game လေးလေးကြီးတွေကို ဖွင့်ဖို့တောင် တော်တော်ခက်ခဲပါလိမ့်မယ်။ RAM 8GB နှင့် အထက်> ဒီပမာဏက အများအားဖြင့် Flagship Phone တွေမှာပဲ ပါဝင်တတ်တာမို့ Budget သမားတွေအတွက် မပြောပေးတော့ပါဘူး။ ဒါပေမဲ့…

RAM များတိုင်းကောင်းသလား?

အသုံးမလိုပဲ RAM များတဲ့ ဖုန်းကိုကိုင်ထားမယ်ဆိုရင်တော့ Battery life ကိုထိခိုက်နိုင်ပါတယ်။ အသုံးမလိုဘဲ ပါဝါ စားနေတာမျိုး ဖြစ်နေတာက ရေရှည်မှာ Phone ရဲ့ အခြားအစိတ်အပိုင်းတွေကိုပါ ထိခိုက်လာနိုင်တာမို့လို့ ကိုယ်နဲ့ သင့်လျော်တဲ့ RAM ကို သေသေချာချာ ရွေးချယ်ဝယ်ယူဖို့ လိုအပ်ပါတယ်။

iOS အတွက်

Apple တာဝန်ရှိသူတွေ ကတော့ သူတို့ ရဲ့ Phone တွေမှာ ပါဝင်တဲ့ RAM တွေကို ကြေညာလေ့မရှိကြပါဘူး။ ဒါပေမဲ့ လေ့လာချက်တွေအရတော့ 12pro မှာ 4GB နဲ့ 12pro Max မှာ 6GB ပါဝင်တယ်လို့ သိရပါတယ်။ ဘာပဲ ဖြစ်ဖြစ် Apple အတွက် ကတော့ RAM နည်းလည်း Performance ကောင်းတယ်ဆိုတဲ့ User Recommend က အခိုင်အမာရှိနေတုန်းပါပဲ။

Sponsored Link

နိဂုံး

ကိုယ့် Phone အတွက် RAM ဘယ်လောက် လိုအပ်မလဲဆိုတာကို ကြိုတင်လေ့လာပြီး ဝယ်ယူတာ အကောင်းဆုံးလို့အကြံပေးချင်ပါတယ်။

ဟုတ်ကဲ့ …အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း IT ဆိုင်ရာ Blog တွေ ၊ သတင်းတွေကို အမြဲတမ်းဖတ်ရှုနိုင်ဖို့ (KSL နည်းပညာ) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ ခင်ဗျာ။

Sponsored Link

Sharing လုပ်ရန်… ⇊