Hacker တွေရန်က လုံခြုံအောင် ကိုယ့် Facebook Account ကို ဘယ်လိုကာကွယ်မလဲ?
How to protect your Facebook account by using Two – factor Authenticity?

Facebook

Sponsored Link

နိဒါန်း

နည်းပညာလေ့လာသူများ အားလုံး မင်္ဂလာပါ။
ksltechnology.com ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီ Blog လေးမှာတော့ Facebook ကို လုံလုံခြုံခြုံ အသုံးပြုလိုသူတွေ အတွက် ရည်ရွယ်ပြီး ၊ Facebook အသုံးပြုသူတွေ အလွယ်တကူ လိုက်လံလုပ်ဆောင်နိုင်မယ့် Two – Factor Authenticity အကြောင်း ပြည့်ပြည့်စုံစုံ ဖော်ပြပေးသွားမှာမို့လို့ အဆုံးထိ ဖတ်ရှုပြီး ၊ လက်တွေ့လုပ်ဆောင် ကြည့်ခြင်းဖြင့် မိမိတို့ရဲ့ Facebook Account လေးကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ် ခင်ဗျာ။

ကျွန်တော်တို့ အနေနဲ့ အင်တာနက် လုံခြုံရေးဆိုတာကို အမှုမဲ့ အမှတ်မဲ့ ထားတတ်ကြပါတယ်။ ဒါပေမဲ့ Social Media ခေတ်စားလာတာနဲ့ အမျှ ကိုယ့် Facebook Account ကို Hack ခံရပြီး ပိုက်ဆံလိမ်သွားတာတွေ ၊ Personal Data ခိုးယူ ပေါက်ကြားခံရတာတွေကို နားနဲ့ မဆံ့အောင် ကြားလာရတဲ့ အချိန်မှာတော့ Privacy ဆိုတာကို မဖြစ်မနေ နားလည် ကာကွယ်ဖို့ လိုအပ်လာပါတယ်။

အင်တာနက်ရဲ့ အမှောင်ခြမ်း

အင်တာနက် ကွန်ယက်ဟာ ကျွန်တော်တို့ မှန်းဆလို့မရအောင် အတိုင်းအဆမရှိကျယ်ပြန့်တဲ့အရာဖြစ်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ဖို့ စာတိုက်ကနေ တစ်ဆင့် စာတွေပို့ရပြီး ၊ စာပို့သမား က လာပို့မှ ဖတ်ရ ၊ သိရတဲ့ ခေတ်ကနေ ကမ္ဘာနဲ့ မိုင်ပေါင်းသန်းနဲ့ချီဝေးတဲ့ အာကာသထဲက ဂြိုလ်တုတွေကနေ ပေးပို့လာတဲ့ စာတွေ ၊ ဓာတ်ပုံတွေကိုတောင် အိမ်မှာနေရင်း လက်ခံရယူနိုင်တဲ့ အထိ အင်တာနက်ကွန်ယက်က ကြီးမား ကျယ်ပြန့်လာပါပြီ။

အဲ့ဒီလို ကြီးမားကျယ်ပြန့်လာတာနဲ့အမျှ ဒီကွန်ယက်အပေါ် အမှီပြုပြီး ကိုယ်ကျိုးရှာအမြတ်ထုတ်ချင်သူတွေကလည်း တစ်စထက် တစ်စ တိုးပွားလာပြီး အင်တာနက်ရဲ့ အမှောင်ခြမ်းလို့တောင် ဆိုရမယ့် တရားမဝင် ဒုစရိုက်မှုတွေ ကျူးလွန်တဲ့ လောက တစ်ခု ရှိနေတာကိုလည်း မေ့လျော့မထားသင့်ပါဘူး။

ဒါကြောင့်လည်း ကုမ္ပဏီ ၊ လူသိများထင်ရှားသူ ၊ အနုပညာရှင် ၊ အစိုးရ နဲ့ စီးပွားရေးလုပ်ငန်းတွေဟာ သူတို့ရဲ့ Data (အချက်အလက်) တွေ မပေါက်ကြားအောင် ၊ အခိုးယူမခံရအောင် ဂရုတစိုက်ထိန်းသိမ်းဖို့အတွက် အင်တာနက်ကို လုံခြုံ သထက် လုံခြုံအောင် အသုံးပြုနေကြရတာပဲ ဖြစ်ပါတယ်။

မြန်မာပြည်နှင့် Facebook

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Touch Screen Handset ဈေးကွက် စတင်ခေတ်စားလာခဲ့တဲ့ (၂၀၀၉) ခုနှစ် နှောင်းပိုင်း လောက်မှာတောင် 2G Network ကိုပဲ မီခိုအားထားနေရဆဲ မို့လို့ အင်တာနက် အသုံးပြုမှု တွင်ကျယ်မလာခဲ့သေးပါဘူး။ ဒါပေမဲ့ 3G Network ရရှိလာတဲ့ (၂၀၁၃) ခုနှစ် အလွန် လောက်မှာတော့ Viber ဆိုတဲ့ စာပို့ Application လေး ကနေစပြီး ဖုန်းတွေနဲ့ အင်တာနက် အသုံးပြုမှု စတင်လာခဲ့ ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ Line, WeChat, BeeTalk စတဲ့ Chatting Application တွေ ပေါ်လာခဲ့ပြီး Social Media နဲ့ ရင်းနှီးကျွမ်းဝင်လာခဲ့ပါတယ်။ အဲ့ဒီ အချိန်ကာလကတည်းက Facebook ကို စတင်အသုံးပြုသူတွေ ရှိခဲ့ကြပြီး (၂၀၁၄) ခုနှစ်နှောင်းပိုင်းမှာတော့ Facebook ဟာ မြန်မာပြည် အင်တာနက် အသုံးပြုသူတွေကြား တစ်ဟုန်ထိုးခေတ်စား လာခဲ့ပါတယ်။ အခုအချိန်မှာတော့ Facebook ကို လူတိုင်း လိုလို အသုံးပြုလာကြပြီး ချိတ်ဆက်မှုအားကလည်း မထင်မှတ်ထားလောက် အောင် ကောင်းမွန်လာပြီး ပြည်တွင်းမှာ လူသုံးအများဆုံး Social Media ကြီးတစ်ခုဖြစ်နေပါပြီ။ ဒီလို ကွန်ယက်ကျယ်ပြန့်လာတာနဲ့အတူ နောက်ဆက်တွဲဆိုးကျိုး တွေကလည်း Facebook အသုံးပြုသူတွေ အပေါ် ရိုက်ခတ်မှုတွေ ရှိလာနေပါတယ်။

Hacking (Account ခိုးယူခြင်း)

တကယ်တော့ Hacking ရဲ့ ပြည့်စုံတဲ့ အဓိပ္ပါယ်က ‘ထိုးဖောက်ဝင်ရောက်ခြင်း’ ဖြစ်ပါတယ်။ စစ်ရေး နဲ့ နိုင်ငံရေး။လိုအပ်ချက်တွေ အပေါ်မူတည်ပြီး လျှို့ဝှက်အသုံးပြုတဲ့ စစ်ထောက်လှမ်းရေး (သို့မဟုတ်) အစိုးရ Hacker တွေလည်း ရှိသလို ၊ တစ်ဖက်လူရဲ့ စနစ်တွေကို ထိုးဖောက်ဝင်ရောက်ပြီး ကိုယ်ကျိုး (သို့မဟုတ်) ငွေရရှိဖို့ အချက်အလက်တွေ ခိုးယူကြတဲ့ Hacker တွေလည်းရှိပါတယ်။

အထက်မှာ ဖော်ပြခဲ့သလို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Facebook က အသုံး အများဆုံး Social Media ဖြစ်လာတဲ့ နောက်ပိုင်းမှာတော့ ပြည်တွင်း Hacker တွေက Facebook Account တွေကို ပစ်မှတ်ထားလာကြပါတယ်။ ဆိုလိုချင်တာက Hacker က ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ဖြစ်နေနိုင်သလို ၊ သူထားနေတဲ့ ပစ်မှတ်ကလည်း ကျွန်တော်တို့ရဲ့ Facebook Account ဖြစ်နေ နိုင်ပါတယ်။

ဒါကြောင့် Facebook နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အတွက် အနီးစပ်ဆုံး အန္တရာယ် ဖြစ်စေနိုင်တဲ့ အချက်အလက်တွေနဲ့ ကာကွယ်ပုံကာကွယ်နည်းတွေ ကိုပဲ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဘာကြောင့်ခိုးယူကြသလဲ?

ယေဘုယျအားဖြင့်တော့ …

Facebook Account ကို Hack လို့ ဘာရမှာလဲ? ဆိုပြီးတော့ တွေးကြတာ ရှိကောင်းရှိပါလိမ့်မယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့ အဲ့ဒီအတွေးကိုပြောင်းလဲပစ်ဖို့ လိုနေပါပြီ။

ဒါကို ပေါ်လွင်စေဖို့အတွက် Facebook အသုံးပြုသူကို (၃) မျိုး ခွဲကြည့်ရအောင်ပါ။

သာမန်လူတန်းစား

သာမန်လူတန်းစားမို့လို့ Account Hack မခံရနိုင်ဘူးလို့ ပြောလို့မရပါဘူး။ အဲ့ဒီ သာမန်လူတန်းစား Account ကိုပဲ Hack ပြီး ပိုက်ဆံလိုက်ချေးတာ ၊ ကိုယ့် Account ကို အသုံးချပြီး သိက္ခာချတာ ၊ မဟုတ်မမှန်လိုက်ပြောပြီး အမြတ်ထုတ်တာတွေ က သာမန်လူတန်းစား အသုံးပြုနေတဲ့ Account တွေမှာလည်း ဖြစ်တတ်တဲ့ ကိစ္စတွေပါ။

ဒါကြောင့် ကိုယ်က နာမည်ကြီး မဟုတ်ဘူးဆိုပြီး Privacy (လုံခြုံရေး) ကို ပေါ့ပေါ့တန်တန် သဘောထားဖို့ မသင့်ပါဘူး။

အနုပညာရှင် နှင့် လူသိများသူ

အနုပညာရှင် နဲ့ လူသိများထင်ရှားသူတွေအတွက်ကတော့ Facebook ကနေ Blue Mark (အပြာရောင် အမှန်ခြစ်) လေး ပေးပြီး Privacy ကို အထိုက်အလျောက် ကာကွယ် ပေးပါတယ်။ ဒါပေမဲ့လည်း အနုပညာရှင်တွေရဲ့ အတွင်းရေးတွေကို ဖော်ထုတ်ပြီး သတင်းရောင်းစားချင်တဲ့ Hacker တွေကလည်း တော်ရုံမလုံခြုံတဲ့ Account တွေဆိုရင် ထိုးဖောက် ဝင်ရောက်လာနိုင်ပါသေးတယ်။

အစိုးရ နှင့် စီးပွားရေးလုပ်ငန်းများ

ဒီကဏ္ဍမှာတော့ အပြိုင်အဆိုင်အစိုးရတွေ / လုပ်ငန်းတွေက Hack တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါကြောင့်လည်း ဆိုင်ရာ လုံခြုံရေးစနစ်ကို ကျွမ်းကျင်သူတွေနဲ့ အကောင်းဆုံးတည်ဆောက်ပြီး အသုံးပြုနေကြရပါတယ်။

ဒါပေမဲ့လည်း ဒီဖက်ခေတ်မှာတော့ ဝန်ကြီးဌာနဆိုင်ရာ Facebook Page တွေကိုလည်းတည်ထောင်လာကြပြီ ဖြစ်တဲ့ အတွက် Facebook Page ကို ကိုင်ထားတဲ့ Account မလုံခြုံရင်လည်း Page မလုံခြုံမှာ ဖြစ်တဲ့ အတွက် အခြေခံအားဖြင့် Facebook Account တွေကို လုံခြုံအောင် စီစဉ်ထားဖို့ မဖြစ်မနေ လိုအပ်တာပဲ ဖြစ်ပါတယ်။

Facebook Page နဲ့ Facebook Account တွေရဲ့ ဆက်စပ်မှုအကြောင်း ပြည့်ပြည့်စုံစုံ ဖတ်ရှုချင်တယ် ဆိုရင်တော့ Professional Facebook Page တစ်ခု တည်ဆောက်နည်း အပြည့်အစုံမှာ သွားရောက်ဖတ်ရှု နိုင်ပါတယ်။

Profile Lock ချခြင်း

လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအတွက် Facebook က Profile Lock ချခြင်း ဆိုတဲ့ စနစ်တစ်ရပ် ကို ထည့်သွင်းပေးလိုက်ပြီး Facebook Account တွေကို မသမာသူတွေ လက်ထဲက ကာကွယ်ဖို့ လုပ်ဆောင်ပေးထားပါတယ်။ ဒါပေမဲ့ ဒီလုပ်ဆောင်ချက်က ကိုယ်နဲ့ Friend မဟုတ်တဲ့ သူတွေက ကိုယ့်ရဲ့ Page မှာ တင်ထားတဲ့ အချက်အလက်တွေကို ဝင်မကြည့်နိုင်ဖို့ အတွက်သာ အသုံးဝင်တာဖြစ်ပြီး ၊ ကျွန်တော်တို့ Account တွေကို မ Hack နိုင်တော့ဘူးလို့ ဆိုလိုတာမျိုး မဟုတ်ပါဘူး။

ကောင်းကျိုး

Profile Lock ချခြင်း စနစ်ရဲ့ ကောင်းကျိုး အနေနဲ့ ကတော့ ကျွန်တော်တို့ တင်လိုက်သမျှ စာ ၊ ဓာတ်ပုံ နဲ့ ဗီဒီယိုတွေကို ကျွန်တော်တို့နဲ့ Friend ဖြစ်မထားတဲ့လူတွေ ဝင်ကြည့်လို့ မရနိုင်တော့တာပါ။ ဒါကြောင့် Post တစ်ခုချင်းရဲ့ Privacy ကို Friend Only ပြောင်းစရာမလိုဘဲ ၊ ခလုပ်တစ်ချက်တည်းမှာတင် ကိုယ့် Profile တစ်ခုလုံးကို ကိုယ့် သူငယ်ချင်းတွေပဲ မြင်နိုင် တော့မှာပါ။

ဒါ့အပြင် မိမိတို့ရဲ့ ဖုန်းနံပါတ် ၊ နေရပ်လိပ်စာ ၊ ကိုယ်ရေးအကျဉ်း ကစလို့ တင်ထားတဲ့ ဓာတ်ပုံတွေကိုပါ မြင်‌တွေ့နိုင်မှာ မဟုတ်လို့ ကိုယ့်ဓာတ်ပုံကို အသုံးချပြီး Fake Account (အကောင့်တု) ဖွင့်ပြီး ကိုယ်ကျိုးရှာတာတွေကို ကင်းဝေးစေနိုင် ပါတယ်။

ဆိုးကျိုး

ဆိုးကျိုးအနေနဲ့ကတော့ Public နဲ့ တင်ချင်တဲ့ Post တွေ ရှိလာတာမျိုး ၊ မျှဝေချင်တာမျိုး ဆိုရင် Profile Lock ချထားတာမျိုးက အလုပ်မဖြစ်တော့ပါဘူး။ Public Figure (လူသိများသူ) နဲ့ Celebrity (အနုပညာရှင်) တွေအတွက် ဆိုရင်လည်း Profile Lock ချထားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် Profile Lock ချထားရုံနဲ့ Account Hack မခံ ရပါဘူးလို့ အာမခံနိုင်တာလည်း မဟုတ်တော့ Profile Lock ချခြင်းက ပြီးပြည့်စုံတဲ့ အဖြေတစ်ခု မဟုတ်တာတော့ သေချာ ပါတယ်။

Hack ခံရနိုင်သည့် အခြေအနေ (၂) မျိုး

ထုံးစံအားဖြင့်တော့ Hack တယ်ဆိုတာ ခက်ခဲလေ့ရှိပေမဲ့ တစ်ခါတစ်ရံမှာတော့ မထင်မှတ်ထားလောက်အောင် အလွယ်တကူ Hack ခံရတာမျိုးလည်းဖြစ်သွားနိုင်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Hack ခံရနိုင်တဲ့ အခြေအနေ (၂) မျိုးကို ပြောပြသွားမှာပါ။

ကိုယ်တိုင် လမ်းပြမိခြင်း

အခု နောက်ပိုင်းမှာ Facebook Account Hack ခံရတယ်ဆိုတာရဲ့ အရင်းခံအကြောင်းက ကိုယ်တိုင်လမ်းပြမိတာကြောင့် အများကြီး ပါဝင်နေပါတယ်။ ဥပမာ – ကျွန်တော်တို့က လမ်းသွားနေရင်း ဖုန်းအားကုန်သွားတယ် ၊ တစ်စုံတစ်ယောက်ရဲ့ ဖုန်းကိုသုံးပြီး ကိုယ့် Account ကို Login ဝင်လိုက်မိတယ်။ ယုံကြည်ရပါတယ်ဆိုပြီး Log out လုပ်တဲ့အခါ Password ကို ဖျက်ပစ်ဖို့ မေ့သွားတယ်။ ဒါဆိုရင် ကိုယ်ကိုယ်တိုင်က ကိုယ့် Account ကို ဝင်သုံးပါလို့ မြှူစွယ်နေသလိုပါပဲ။

နောက်ထပ်ဖြစ်နိုင်တာ တစ်ခုက အကြောင်းကိစ္စတစ်ခုခုကြောင့် ကိုယ့် Account နဲ့ Password ကိုပေးမိပြီး ပြန်ဝင်လို့ မရတော့ဘဲ ၊ Account တစ်ခုလုံး ပါသွားတာမျိုးပါ။ ဒီလိုအခြေအနေမျိုးမှာတော့ ကိုယ့် Account ကိုအသုံးချပြီး မဟုတ်မမှန်လုပ်တာတွေ ၊ သိက္ခာကျအောင် ခြိမ်းခြောက် အကျပ်ကိုင်ပြီး ငွေညှစ်တာမျိုးတွေ ဖြစ်လာမှာပါ။

Hack ရန် လွယ်ကူနေခြင်း

Facebook Account တစ်ခုဖွင့်တဲ့အခါ Email (သို့မဟုတ်) Gmail နဲ့ ဖွင့်တာ ၊ ဖုန်းနံပါတ်နဲ့ ဖွင့်တာ ဆိုပြီး အခြေခံ အားဖြင့် (၂) မျိုး ရှိပါတယ်။ ကျွန်တော်တို့ဆီမှာတော့ အလွယ်တကူ ဖုန်းနံပါတ်နဲ့ ဖွင့်လိုက်ကြပြီး အဲ့ဒီ ဖုန်းနံပါတ်ကို Only Me မလုပ်မိတာမျိုးကြောင့် လည်း Hack ဖို့ လွယ်ကူနေတတ်ပါတယ်။

Two – Factor Authenticity ဆိုတာ

Two – Factor Authenticity ဆိုတာ Facebook မှာပါဝင်တဲ့ Fracture တစ်ခုဖြစ်ပြီး ကိုယ့် Account ကို Login ဝင်ဖို့ အဆင့်နှစ်ဆင့်ကို ဖြတ်မှရမယ့် လုံခြုံရေး နည်းစနစ် တစ်ခုပါ။ ဒီ နည်းစနစ်ကို ကိုယ့်ရဲ့ ဖုန်းနံပါတ် ၊ ဒါမှမဟုတ် Gmail နဲ့ ချိတ်ဆက်ထားနိုင်ပြီး ကိုယ်သုံးနေကျမဟုတ်တဲ့ Device တစ်ခုကနေ Log In ဝင်လာပြီဆိုတာနဲ့ ချက်ချင်း အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။

Hacker က ကိုယ့်ရဲ့ Password ကိုသိလို့ ဝင်လာနိုင်ရင်တောင် နောက်ထပ် Password တစ်ခုကို ကျော်ဖြတ် ရဦးမှာ ဖြစ်ပြီး အဲ့ဒီ Password ကလည်း ကျနော်တို့ရဲ့ ဖုန်းထဲမှာပဲ ရှိနေမှာဖြစ်ပါတယ်။ ဒါ့အပြင် နောက်တစ်ဆင့်ထည့်ရမယ့် အဲ့ဒီ ဂဏန်း (၆) လုံးပါ Password ကို ကျွန်တော်တို့ ကိုယ်တိုင်တောင် သိနိုင်မှာ မဟုတ်ပါဘူး။ စနစ်က သူ့အလိုအလျောက် တစ်မိနစ် တစ်ခါ Password ကိုပြောင်းလဲပေးနေမှာမို့လို့ပါပဲ။

ဘယ်လိုအသုံးပြုမလဲ?

Two – Factor Authenticity စနစ်ကို အသုံးပြုဖို့ အတွက် ပထမဆုံး အနေနဲ့ Password တွေကို တစ်မိနစ် တစ်ခါ ပြောင်းလဲပေးမယ့် Application တစ်ခုကို Download ဆွဲပြီး ဖုန်းထဲမှာ Install လုပ်ထားဖို့ လိုပါတယ်။ ဒီအတွက် Google Authenticator Application ကို PlayStore (သို့မဟုတ်) Apple Store က တစ်ဆင့် Download ဆွဲပေးပါ။

Application Link for Android >>> Download

Application Link for iOS >>> Download

အဲ့ဒီနောက် Facebook ရဲ့

Step (1) Setting and Privacy > Setting ကိုနှိပ်ပါ

Step (2)Password and Security > Use two-factor authentication ကို သွားပါ။

Step (3) Application မှ တစ်ဆင့် Password ထပ်ခံလိုများအနေဖြင့် Authentication App ကို အမှတ်အသား ပေးပြီး Continue လုပ်ပါ။

SMS message ပို့၍ သတိပေးစေလိုပါက Text Message (SMS) ကို အမှတ်အသားပေးပြီး Continue လုပ်ပါ။

Step (4) Password တစ်ထပ်ခံလိုသူများက Download ဆွဲထားသည့် Google Authenticator Application က Password ကို ထည့်၍ ချိတ်ဆက်နိုင်ပြီး Hack ခံရပါက SMS ‌ပေးပို့၍ သတိပေးစေလိုသူများက မိမိဖုန်းနဲပါတ်ကို ထည့်ခြင်းဖြင့် Account ကို လုံခြုံစေနိုင်မှာပဲ ဖြစ်ပါတယ်။

Sponsored Link

နိဂုံး

နေ့စဉ်သုံးနေရတဲ့ Facebook ခေါ် လူမှုကွန်ယက်ဟာ သုံးတတ်လျှင် မိ‌တ်ဆွေဖြစ်သလို ၊ မသုံးတတ်လျှင်လည်း ဘေးဖြစ် တတ်ပါတယ်။ ပတ်ဝန်းကျင်မှာ Account Hack ခံရပြီး သောကရောက်နေရတဲ့ သတင်းတွေကြားမှာမှ ကိုယ့် Account ကို စနစ်တကျလုံလုံခြုံခြုံသုံးတတ်ဖို့က အရေးကြီးလှပါတယ်။

ဟုတ်ကဲ့ …အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း IT ဆိုင်ရာ Blog တွေ ၊ သတင်းတွေကို အမြဲတမ်းဖတ်ရှုနိုင်ဖို့ (KSL Technology) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ။

Sponsored Link

Sharing လုပ်ရန်… ⇊