API ဆိုတာဘယ်လိုဟာလဲ

ကွန်ပျူတာပရိုဂရမ်တွေကို Software နဲ့ Service ဆိုပြီးတော့ အုပ်စု (၂) စု ခွဲကြည့်ကြရအောင်။ Software ဆိုတဲ့ထဲမှာ System Software, Desktop Solution, Web Application, Mobile App စသဖြင့် အမျိုးမျိုးရှိသလို၊ လုပ်ငန်းသုံး Software နဲ့ လူသုံး Software ဆိုပြီးတော့လည်း ကွဲပြားနိုင်ပါသေးတယ်။ ဘယ်လိုပဲ ကွဲပြားနေပါစေ Software လို့ပြောရင် အသုံးပြုသူ လူဖြစ်တဲ့ User က ထိတွေ့အသုံးပြုလို့ ရတဲ့ အရာတွေလို့ ဆိုနိုင်ပါတယ်။

Service ဆိုတာကတော့ လူဖြစ်တဲ့ User က ထိတွေ့အသုံးပြုမှာ မဟုတ်ဘဲ၊ အခြားကွန်ပျူတာပရိုဂရမ်တွေက အသုံးပြုမယ့် အရာတွေပါ။ ပရိုဂရမ် A က ပရိုဂရမ် B ကို ဆက်သွယ်အသုံးပြုပြီး အလုပ်လုပ်နေပြီဆိုရင် ပရိုဂရမ် B ဟာ Service ဖြစ်သွားပါပြီ။ သူကို လူကသုံးတာ မဟုတ်ဘဲ အခြားပရိုဂရမ်က ဆက်သွယ်ပြီး သုံးနေတာမို့လို့ပါ။

ဒီတော့ Service တစ်ခုဖန်တီးဖို့ဆိုရင် အရေးပါလာတာက ဆက်သွယ်ရေးနည်းပညာပါ။ တစ်ခြား ပရိုဂရမ်တွေက ဆက်သွယ်ပြီး အသုံးပြုနိုင်ဖို့ဆိုဆိုရင် ဆက်သွယ်ရေးနည်းပညာတစ်ခုကို ကြားခံလိုအပ်ပါတယ်။ HTTP, FTP, POP/SMTP, XMPP စသဖြင့် ဆက်သွယ်ရေး နည်းပညာတွေ အမျိုးမျိုး ရှိပါတယ်။ သူတို့ရဲ့အပေါ်မှာ XML-RPC, SOAP စသဖြင့် နောက်ထပ်ဆက်သွယ်ရေး နည်းပညာတွေ ရှိကြပါသေးတယ်။ ဒီလိုနည်းပညာ အမျိုးမျိုးရှိနေတဲ့အထဲက ကနေ့ခေတ်မှာ Service တွေဖန်တီးဖို့ အကျယ်ပြန်ဆုံး အသုံးပြုတဲ့ ဆက်သွယ်ရေးနည်းပညာ ကတော့ HTTP ဖြစ်ပါတယ်။ HTTP ဟာ Web Technology တစ်ခုဖြစ်လို့ HTTP အသုံးပြုထားတဲ့ Service တွေကို Web Service လို့လည်း ခေါ်ကြပါတယ်။

API ဆိုတာ မူရင်းအတိုင်းဆိုရင် Application Program Interface ရဲ့ အတိုကောက်ဖြစ်ပြီးတော့၊ Service များကို ရယူအသုံးပြုရန် သတ်မှတ်ထားသောနည်းလမ်း လို့ ပြောလို့ရပါတယ်။ သူများပေးထားတဲ့ Service ကို ကိုယ်က ရယူအသုံးပြုချင်ရင် သူသတ်မှတ်ထားတဲ့ API ကို ကိုယ်ကသိပြီး သတ်မှတ်ချက်အတိုင်း ရယူအသုံးပြုရပါမယ်။ ကိုယ်က Service တွေဖန်တီးပြီး ပေးချင်တာဆိုရင် ကိုယ့်ဘက်က အသုံးပြုနည်း API ကို သတ်မှတ်ပေးရပါတယ်။ Service က လက်တွေ့အလုပ်လုပ်တဲ့ ပရိုဂရမ်ဖြစ်ပြီးတော့၊ API က အဲ့ဒီ Service ကို ရယူအသုံးပြုလိုတဲ့အခါ အသုံးပြုရတဲ့နည်းလမ်း ဖြစ်ပါတယ်။

HTTP ကို အသုံးပြုထားတဲ့ Service တွေမှာ URL လိပ်စာတွေကို API အနေနဲ့ အသုံးပြုရတယ်လို့ အလွယ်မှတ်နိုင်ပါတယ်။ ဒါကြောင့် Service တစ်ခုကို ဆက်သွယ်အသုံးပြုလိုရင် သတ်မှတ်ထားတဲ့ URL ကို သိရပါတယ်။ Products တွေလိုချင်ရင် /products ဆိုတဲ့ URL သုံးရမယ်လို့ သတ်မှတ်ထားရင် အဲ့ဒီ/products ဆိုတဲ့ URL ကို API လို့သဘောထားပြီး အခြားပရိုဂရမ်တွေက အသုံးပြုရမှာပါ။

တစ်ကယ်တော့ မျက်စိထဲမှာ မြင်တွေ့ရတဲ့ URL ကို ဥပမာပြုပြီး ပြောလိုက်ပေမယ့် ပိုပြီးတော့ တိတိကျကျပြောရရင် HTTP Request တွေကို API အနေနဲ့ အသုံးပြုတယ်လို့ပြောမှ ပြည့်စုံ မှန်ကန်ပါလိမ့်မယ်။ HTTP Request တွေမှာ Request Method တွေRequest Headers တွေURL တွေပေါင်းစပ်ပါဝင်ပါတယ်။ URL ဆိုတာ HTTP Request ရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။

Credit : Sayar Ei Maung

Sponsored Link

Sharing လုပ်ရန်… ⇊

1 Comment

Leave a Reply

Your email address will not be published. Required fields are marked *